Floating Weeds (1959)

Genres: Drama
Floating Weeds (1959) IMDb Rating (7.9) / Rotten Tomatoes (96%) ဒါရိုက်တာတိုင်းမှာ သေချာတဲ့ဟန်တစ်ခု ရှိဖို့တော့ မလွယ်ပေမဲ့ ဖလင်မိတ်ကာတိုင်းမှာတော့ ဟန်တစ်ခုက သိသိသာသာကို ရှိတယ်။ အိုဇုတို့ ခေတ်နဲ့ မရှေးမနှောင်းထဲတော့ ဟန်တစ်ခုလည်းရှိသလို ဂျပန်ရုပ်ရှင်ဆန်တယ်ဆိုတဲ့ ခံစားချက်ပါ တွဲပေးနိုင်တာ အိုဇုပဲ ရှိတယ်လို့ ကျွန်တော်တော့ မြင်တယ်။ ကူရိုဆာဝါကျ အိုဇုလောက် ဂျပန်ဟန် သိပ်အားမကောင်းလှဘူး။ ဒါက ဆန်းတော့လည်း မဆန်းလှပါဘူး။ အိုဇုရုပ်ရှင်တွေဟာ ဂျပန်လူနေမှု ဂျပန်ဘဝမှာပဲ အခြေခံပြီး ဂျပန်ရိုးရာယဉ်ကျေးမှုနဲ့ ဂျပန်အတွေးအခေါ်အပြည့်နဲ့ ရုပ်ရှင်တွေကိုပဲကိုး။ ကင်မရာအယူအဆကအစ တတမိဗျူးနဲ့ရိုက်တဲ့ အထိ သူ့ယဉ်ကျေးမှုကို သူ့ရုပ်ရှင်ထဲ သွတ်သွင်းနိုင်စွမ်းက အားကောင်းခဲ့တယ်။ တင်ဆက်ပုံပိုင်းမှာလည်း အိုဇုက ထူးတာတစ်ခုတော့ရှိတယ်။ တစ်ခါတလေကျ သူက ဇာတ်ရဲ့အရေးအပါဆုံးလို့ ထင်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို မပြတော့ဘူး။ အဲဒီနောက်မှာပဲ အရှေ့က မပြထားတဲ့အခန်းကို စကားနည်းနည်းနဲ့ သရုပ်ပြန်ဖော်တတ်တယ်။ အိုဇုလွှမ်းမိုးမှုအားကောင်းခဲ့တဲ့ Koreedaရဲ့ Still Walkingတို့ ဘာတို့မှာလည်း ဒီဟန်ကို သုံးထားခဲ့ပါသေးတယ်။ ဒီဟန်ကို ကျွန်တော်က စစက ဟဲမင်းဝေးရဲ့ စာရေးဟန်လိုမျိုး ထင်ခဲ့ပေမဲ့ ဒီနောက်မှသိလိုက်ရတာက တကယ်တမ်း ဒါကိုကလည်း ဂျပန်ယဉ်ကျေးမှုထဲ ရှိနေတဲ့အရာပါပဲ။ ဂျပန်လိုဆို (မ)လို့ခေါ်တယ်။ ဗမာဆိုလို ကွက်လပ်ပေါ့။ ဗလာတစ်နေရာပေါ့။ ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ ဂျပန်မှုတစ်ရာထဲ မနဲ့ပတ်သက်ပြီး ဒီလိုရေးထားတယ်။ မ (MA) - နေရာကွက်လပ် , စပ်ကြား , ခေတ္တရပ်ဆိုင်းခြင်း ဂျပန်တွေဟာ မိတ်ဆွေတွေနဲ့ ဆူဆူညံညံ စကားပြောရင်း တွေ့ဆုံသလို ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ရင်းလည်း တွေ့ဆုံလေ့ရှိတယ်။ စကားမပြောဘဲနဲ့ ငုတ်တုတ်ထိုင်နေရင် ပိုပြီးပြည့်စုံအောင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရ…