The Station Agent (2003)

The Station Agent (2003) ************************ အရစ္စတိုတယ်ရဲ့ အဆိုအမိန့်တစ်ခုမှာ လူဟာ ပေါင်းသင်း ဆက်ဆံရေး သတ္တဝါပါတဲ့။ လူတိုင်းဟာ မတူညီတဲ့တိုက်ပွဲတွေကို ကိုယ့်ပုံစံနဲ့ကိုယ်ဆင်နွှဲနေကြရလို့ ပင်ပန်းအားငယ်လာချိန်မှာ စကားတွေကို ဝေဖန်မှုမရှိ နားထောင်ပေးမဲ့သူတစ်ယောက်၊ ပြင်ဆင်မရတဲ့ ကိုယ့်ဖြစ်တည်မှုကို ဝေဖန်ပိုင်းဆစ်မှုမရှိ ပကတိအတိုင်း လက်ခံမဲ့သူတစ်ယောက်၊ ကိုယ့်စိတ်ရဲ့ နာကျင်ခံစားရမှုအတိုင်းအတာကို တန်ဖိုးလျှော့ချမှုမရှိဘဲ နားလည်ပေးမဲ့သူတစ်ယောက်တော့ ဘဝမှာလိုကြစမြဲတဲ့လေ။ လူအဖွဲ့အစည်းနဲ့ ဝေးဝေးနေချင်ကြသူတိုင်းမှာ ကိုယ့်စိတ်ကို နားလည်ပေးမဲ့သူတစ်ယောက်ကို တောင်းတနေတဲ့ မသိစိတ်လည်း ကိန်းအောင်းနေတတ်လေ့ရှိစမြဲပဲမလား။ ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ပြဿနာကိုယ်စီနဲ့ လူ ၃ ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ အခက်အခဲတွေ အထီးကျန်ဆန်မှုတွေနဲ့ နားလည်မှုရှိတဲ့ ပေါင်းသင်းဆက်ဆံရေးရဲ့ အရေးပါမှုတွေကို ဖော်ထုတ်တင်ဆက်ထားပြီး သိမ်သိမ်မွေ့မွေ့ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ လူပုကလေးတစ်ယောက်ဖြစ်သူ ဖင်းဘားဟာ မိတ်ဆွေဟင်နရီနဲ့အတူ နေထိုင်သူတစ်ဦးဖြစ်ပြီး ဟင်နရီကွယ်လွန်တဲ့ အခါမှာတော့ နယူးဂျာစီပြည်နယ်အတွင်းက မီးရထားစက်ပြင်ရုံဟောင်းရှိရာ မြေဧကဝက်ကို အမွေရရှိခဲ့ပါတယ်။ လူပုကလေးတစ်ယောက်ဖြစ်နေသူအဖို့ သာမန်လူတို့ရဲ့ လှောင်ပြောင်သော၊ နှိမ့်ချသော၊ စက်ဆုပ်သော၊ သနားသော၊ ကရုဏာသက်သော စသည့် အမျိုးစုံသော စကားများ အကြည့်များကို ငြီးငွေ့နေပြီး၊ သာမန်လူတစ်ယောက်အဖြစ်သာ မြင်လိုခွင့်ကို အရေးမစိုက်ပေးသော လူအများနဲ့ ဝေးဝေးနေရန် အတွက်၊ မိတ်ဆွေထံမှ အမွေရသော ရထားစက်ပြင်ရုံဟောင်းဆီသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ရထားစက်ပြင်ဟောင်းအနီး ဟော့ဒေါ့ရောင်းချသူ ဂျိုးဟာတော့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး ကျန်းမာရေးချို့တဲ့သူ ဖခ…