Hidden Figures (2016)

Hidden Figures (2016) IMDB: 7.8 Rotten Tomatoes : 93% Genre : History / Drama Hidden Figures (2016) ဟာ Margot Lee Shetterly ရဲ့ Biological Drama စာအုပ်ကို အသက်သွင်းထားတဲ့ ဒါရိုက်တာ Theodore Melfi ရဲ့ သမိုင်းနောက်ခံ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ တော်တော်လေးကိုကြည့်လို့ကောင်းပြီး ကြက်သီးထရလောက်အောင်ဖြစ်စေတဲ့ ရုပ်ရှင်တစ်ခုဆိုလည်းမမှားပါဘူး။ အမေရိကန်နိုင်ငံ NASA ရဲ့အစောပိုင်း အာကာသပရိုဂရမ်များမှာ အဓိကနေရာကနေ ပါဝင်ခဲ့ရတဲ့ လူမည်းအမျိုးသမီး သုံးယောက်ဖြစ်တဲ့ Katherine Johnson Dorothy Vaughan Mary Jackson တို့အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ သမိုင်းနောက်ခံ ၁၉၆၀ ဝန်းကျင်ဟာ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ဟာ အာကာသလေ့လာရေးမှာ မှတ်ကျောက်ထူနိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားခဲ့တဲ့ နှစ်များဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုဟာ အမေရိကန်ထက်စောပြီး Sputnik အာကာသယာဉ်ကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး အမေရိကန်ထက် နှာတစ်ဖျားသာခဲ့ပါတယ်။ အမေရိကန်က ၁၉၆၂ မှာ ကမ္ဘာပတ်လမ်းကို ပတ်ပြပြီး ဆိုဗီယက်ပြည်ထောင်စုကို တုန့်ပြန်ခဲ့ပါတယ်။ ၁၉၆၀ ဆိုတာ လူမည်းတွေအတွက် နေလို့ကောင်းတဲ့နှစ်တော့မဟုတ်ပါဘူး။ လူမျိုးရေးခွဲခြားတာတွေက အမြင့်ဆုံးမှာရှိနေပြီး Jim Crow laws ရှိနေတဲ့ကာလလည်းဖြစ်ပါတယ်။ Jim Crow laws ဆိုတာကတော့ အလုပ်၊ ကျောင်း၊ အစရှိတဲ့နေရာတွေမှာ လူဖြူ၊ လူမည်းခွဲခြားကာ ဆက်ဆံတဲ့ ဥပဒေဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် အိမ်သာတောင် လူမည်းတွေက သီးသန့်သွားတက်ရပါတယ်။ NASA မှာတောင်မှ လူမည်းများဟာ “Colored Computers” ဆိုပြီး သက်သက် အတွက်အချက်တွေပြုလုပ်ခဲ့ရပါတယ်။ ဘယ်လောက်တော်တဲ့ သင်္ချာသမားဖြစ်ပါစေ အင်ဂျင်နီယာကြီးဖြစ်နေပါစေ ဥပဒေက ဖိနှိပ်ထားလို့ လူမည်းတွေအောင်မြင်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူခဲ့ပါဘူး။…