Dersu Uzala (1975)

Dersu Uzala ( 1975 ) Dersu Uzalaဟာ ကူရိုဆာဝါရဲ့ သမိုင်းဦးအစလည်း ဖြစ်ခဲ့သလို ကူရိုဆာဝါရဲ့ အချိုးအကွေ့တစ်ခုလည်း ဖြစ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို မရိုက်ခင်ကာလက ခေတ်ရဲ့အပြောင်းအလဲနဲ့ အခြေအနေတွေကြား ကူရိုဆာဝါရဲ့ ဒါရိုက်တာဘဝရော လူမှုဘဝရော တော်တော်ပျက်ကပ်ဆိုက်နေခဲ့တဲ့ကာလတစ်ခုဖြစ်ခဲ့တယ်။ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေဟာ ကျရှုံးနေခဲ့ပြီး စိတ်ရောလူပါ ထောင်းထောင်းကြေနေတဲ့ ကူရိုဆာဝါဟာ သတ်သေဖို့အထိလုပ်ခဲ့တယ်။ ပြောကြသလိုဆိုရင်တော့ ဂျပန်မှာ သူ့ကားကို ထုတ်ပေးမယ့်သူတောင် မရှိခဲ့ဘူး။ ဒီရုပ်ရှင်ကိုလည်း ရုရှဘက်က ထုတ်ပေးထားတယ်။ ဒီရုပ်ရှင်ရဲ့အောင်မြင်မှုနဲ့ ကူရိုဆာဝါရဲ့ နောက်ဆုံး Eraကို စတင်နိုင်ခဲ့တဲ့ သဘောပါပဲ။ နိုင်ငံခြားရုပ်ရှင်ဆုအနေနဲ့ အော်စကာရတောင် ရခဲ့တယ်။ ဆိုပေမဲ့ ရုရှကားအနေနဲ့ ရခဲ့တာပါ။ ရုရှအတွက်တော့ တန်သွားတယ် ပြောရမှာပဲ။ ကူရိုဆာဝါရဲ့ ရုပ်ရှင်တွေဟာ ဂျပန်ဘက်က အော်စကာအတွက် စာရင်းတင်တာ မခံရတဲ့ ရုပ်ရှင်တွေများတယ်။ သူအော်စကာရခဲ့တာဆိုလို့ ဒီကားနဲ့ ရာရှိုးမွန်ပဲရှိခဲ့တယ်။ ဒါတောင် စာရင်းတင်ရတဲ့ခေတ်မဟုတ်သေးဘဲ အမေရိကမှာရုံတင်တဲ့ နိုင်ငံခြားကားတွေထဲက ဒီတိုင်းဂုဏ်ပြုဆုပေးတဲ့ခေတ်မလို့ပါပဲ။ တစ်ဘက်ကကြည့်တော့လည်း ကူရိုဆာဝါဟာ သူ့ခေတ်ပြိုင်တွေထဲမှာထဲတောင် ဂျပန်မဆန်ဆုံး ဒါရိုက်တာဆိုတော့ သူ့ဟာနဲ့သူတော့ အကျိုးအကြောင်းသင့်နေသလိုလိုပါပဲ။ ထားပါတော့။ Dersu Uzalaရဲ့ ထူးခြားချက်က ရုရှက ဘတ်ဂျက်ပေးလို့ ရုရှမှာ ရိုက်တယ်ဆိုပေမဲ့ ရုရှအတွက် သီးသန့်ဆိုပြီး ရေးလိုက်တာမဟုတ်ဘူး။ ပြောရရင် လုပ်ယူဖန်တီးမှုမဟုတ်ခဲ့ဘူး။ ဒီရုပ်ရှင်က ရုရှက မြေတိုင်းပညာရှင် ကပ္ပတိန်တစ်ယောက်ရဲ့ ဘိုင်အိုဂရပ်ဖီစာအုပ်ထဲက အကြောင်းအရာကို ထုတ်နုတ်ပြထားတဲ့ ရုပ်ရှင်။ ကူရိုဆာဝါက သူလက်ထောက်ဒါရိုက်တာဘဝမှာကလည်းက ဒီစာအုပ်ကို ဖတ်ပြီး ပြန်ရိုက်ဖို့ တွေးခဲ့ဖူးတယ်။…