Merry Christmas, Mr. Lawrence (1983)

၁၉၈၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Merry Christmas, Mr. Lawrence" ဟာ ဒုတိယကမ္ဘာစစ် နောက်ခံဇာတ်လမ်းကို ပုံဖော်ထားပေမယ့်၊ သေနတ်သံတွေ၊ ဗုံးပေါက်ကွဲသံတွေထက် လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပွတ်တိုက်မှုတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တင်ဆက်ထားတဲ့ ဂန္ထဝင် ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဂျပန်ဒါရိုက်တာ Nagisa Oshima ရိုက်ကူးပြီး ဂီတနဲ့ အနုပညာလောကရဲ့ ဂန္ထဝင်တွေဖြစ်တဲ့ David Bowie နဲ့ Ryuichi Sakamoto တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက ၁၉၄၂ ခုနှစ်၊ ဂျာဗားကျွန်း (Java) က ဂျပန် စစ်သုံ့ပန်းစခန်းတစ်ခုမှာ အခြေတည်ပါတယ်။ ဂျပန်စစ်ဗိုလ်ကြီး ယိုနွိုင်း (Capt. Yonoi) က စခန်းကို တင်းကျပ်စွာ အုပ်ချုပ်ပြီး၊ ဗြိတိသျှ အရာရှိ ဂျွန်လောရင့်စ် (John Lawrence) က ဂျပန်စကားနဲ့ ယဉ်ကျေးမှုကို နားလည်တဲ့အတွက် နှစ်ဖက်ကြားမှာ စကားပြန်နဲ့ ညှိနှိုင်းပေးသူအဖြစ် ရှိနေပါတယ်။ တစ်နေ့မှာတော့ ပုန်ကန်မှုနဲ့ ဖမ်းဆီးခံရတဲ့ ဗြိတိသျှဗိုလ်မှူး ဂျက်ဆဲလီယာ (Jack Celliers) စခန်းကို ရောက်လာချိန်မှာတော့ အခြေအနေတွေ ပြောင်းလဲသွားပါတယ်။ Celliers ရဲ့ အလျှော့မပေးတတ်တဲ့ စိတ်ဓာတ်နဲ့ ခန့်ညားမှုက စည်းကမ်းကြီးတဲ့ ယိုနွိုင်းရဲ့ စိတ်ထဲမှာ လေးစားမှုရော၊ ဖုံးကွယ်ထားရတဲ့ စွဲလမ်းမှုတွေကိုပါ ဖြစ်ပေါ်လာစေပါတယ်။ ဇာတ်လမ်းက အရှေ့တိုင်းရဲ့ ဘူရှီဒို (Bushido) ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အယူအဆနဲ့၊ အနောက်တိုင်းရဲ့ လွတ်လပ်တဲ့ တွေးခေါ်မှုတို့ကြားက အားပြိုင်မှုတွေကို ပြသထားပါတယ်။ ဂျပန်တွေရဲ့ ဂုဏ်သိက္ခာကို အသက်ထက်တန်ဖိုးထားပြီး သုံ့ပန်းအဖြစ် အဖမ်းခံရတာကို ရှက်စရာလို့မြင်တဲ့ အယူအဆနဲ့၊ အနောက်တိုင်းသားတွေရဲ့ အသက်ရှင်သန်ရေးကို ဦးစားပေးတဲ့ အမြင်တွေကြားက ကွာဟချက်ကို လေးနက်စွာ တင်ဆက်ထားပါတယ်။ David Bowie ရဲ့ ခန့်ညားပြီး ပုန်ကန်တတ်တဲ့ Celliers ဇာတ်ကောင်စရိုက်က ရ…